Friday, July 27, 2007

ပြန်လည်ဆုံတွေ့ကြရာဝယ်

တစ်ခါတုန်းက ............

ပြန်လည်ဆုံတွေ့ကြရာဝယ်

သူနဲ့ ပြန်တွေ့တယ်
...

ဟိုအရင်တုန်းကလိုပဲ
စိမ်းကားတဲ့ မျက်ဝန်းနဲ့
အေးစက်စက် ကြည့်သွားတယ်။

ဟိုအရင်တုန်းကလိုပဲ
တစ်ချက်ငဲ့ကြည့်ပြီး
မျက်နှာလွှဲသွားတယ်။

ဟိုအရင်တုန်းကလိုပဲ
လှောင်ချင်တဲ့ သဘောထားနဲ့
မဲ့ပြုံးပြုံးသွားတယ်။

ဟိုအရင်တုန်းကလိုပဲ
ခြေလှမ်းပြင်းပြင်းနဲ့
ဖြတ်လျှောက်သွားတယ်။

ဟိုအရင်တုန်းကလိုပဲ
မထီတရီ မျက်နှာထားနဲ့
သူ သိပ်လှတယ်။

ဟိုအရင်တုန်းကလိုပဲ
သွေးပျက်တဲ့ နှလုံးသားနဲ့
ကျနော် ရင်ခုန်မိတယ်။ ။

ခရီရေတာ
13.01.2006



Monday, July 23, 2007

အိပ်ပျက်တဲ့ည

ခံစားကြည့်ကြပါ။ တိုက်ဆိုင်မှု ရှိမလားလို့ ...

အိပ်ပျက်တဲ့ည

တံခါးတွေပိတ် မီးကိုမှိတ်
ကိုယ် အိပ်ရာထဲ ၀င်ခဲ့တယ်။

`အိမ်ကလူတွေ အိပ်ကြပါတော့
ကျနော် စောစောထရမယ်။´

မျက်စိကြောင်ပြီး ဘယ်လူးညာလှိမ့်
အအိပ်ခက်လို့ စိတ်ပျက်တယ်။

လမ်းပေါ်က ခွေးတစ်ကောင်နှစ်ကောင်
အူကြောင်ကြောင်နဲ့ ထဟောင်တယ်။

အိမ်မြောင်က တစ်မျိုး
အရေးထဲ စုတ်လာထိုးနေတယ်။

တစ်ချက်ချက်နဲ့ သွားတဲ့ နာရီသံ
ပိုပိုပြီး ဆူညံလာတယ်။

မျက်စိမှိတ်ပြီး စိတ်ကိုလျှော့
အိပ်တော့လို့ ကိုယ့်ကိုယ်ကို ဆုံးမတယ်။

ရင်တွေပူပြီး အာခေါင်တွေခြောက်
ရေထသောက်ရသေးတယ်။

သန်းခေါင်ကျော် တစ်ချက်ထိုး
ကိုယ်နိုးနေတုန်းပဲ။

မနက်ဖြန် သူနဲ့တွေ့မယ်ဆိုမှ
ရင်ခုန်ပြီး အိပ်မရ ညကရှည်လွန်းတယ်။ ။

ခရီရေတာ
5.3.2006

Saturday, July 21, 2007

ရောဂါ

ဒီကဗျာလေးရဲ့ ပထမစာပိုဒ်မှာ ပါတဲ့ စာသားလေးကို နဲနဲ ရှင်းပြပါမယ်။ သူ့ကို စွဲလန်းစိတ်ကြောင့် ကျနော့်ရဲ့ နှလုံးခုန်သံတွေက သူ့နံမည်လို အသံထွက်နေတယ်။ အဲလို နှလုံးသားက သူ့နံမည်ကို ခေါ်ရင်းခေါ်ရင်းနဲ့ အသံဝင်သွားတယ်လို့ တင်စားပြီး ရေးထားတာပါ။

ရောဂါ

ကိုယ့်နှလုံးသားလေး
အသံဝင်သွားတယ်
မင်းနံမည်ကို
တဖွဖွ ရေရွတ်ရင်းနဲ့ပေါ့ကွယ်။

ကိုယ့်မျက်လုံးအစုံလည်း
ချို့ယွင်းကုန်ပြီကွယ်
မင်းပုံရိပ်တွေပဲ
မြင်မြင်နေမိတယ်။

ကိုယ့်ဦးနှောက်တွေလည်း
ပျက်စီးသွားတယ်ကွယ်
မင်းရဲ့ အပြောင်အပြက်စကားတွေကို
တကယ်ထင်မိသွားတယ်။ ။

ခရီရေတာ
10.11.2004

Wednesday, July 11, 2007

စိတ်ကူး

စိတ်ကူးကြည့်တာပါ ...

စိတ်ကူး

အဖန်ဖန် အခါခါ
အသဲကွဲ ကြမ္မာဆိုးတွေနဲ့ပဲ
ကြုံဆုံရတော့ ခက်လှတယ်။

နောက်ထပ်တစ်ခါ
မင်းလိုတစ်ယောက်ကိုလည်း
ချစ်မိသွားမှာ စိုးကြောက်တယ်။

ဒါကြောင့် ...
နှလုံးသားကို တံခါးပိတ်
တိတ်တိတ်အိပ်လို့ နေတော့မယ်။ ။

ခရီရေတာ
21.12.2005

Monday, July 2, 2007

ကိုယ်နဲ့မင်း

လမ်းလျှောက်နေရင်းက ဘေးနားမှာ ကြွေကျလာတဲ့ သစ်ရွက်တစ်ရွက်ကို ဘယ်သူကများ တန်ဖိုးထားပြီး အမြတ်တနိုး သိမ်းဖူးပါသလဲ။ မိုးရာသီမှာ မြေခတဲ့ မိုးစက်ပေါင်းများစွာထဲက မိုးစက်လေးတစ်စက်ကိုရော ဘယ်သူက ဂရုစိုက်မိမှာတဲ့လဲ။ အဲလိုပဲ ကျနော်က သူ့အတွက် တန်ဖိုးထား ဂရုစိုက်စရာ မဖြစ်ခဲ့ပါဘူး။

သစ်ပင်အိုက သူ့ရဲ့ တစ်ရွက်တည်းသော သစ်ရွက်ကို မြတ်နိုးသလို၊ ကန္တာရဟာ သူ့ဆီမှာ ရွာတဲ့ တစ်စက်တည်းသော မိုးစက်ကို တန်ဖိုးထားသလို၊ ကျနော် သူ့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပါတယ်။

ကျနော်နဲ့ သူ့ရဲ့ မတူညီတဲ့ ခံစားချက်တွေ အကြောင်းပေါ့။

ကိုယ်နဲ့မင်း

ကိုယ်ဟာ မင်းအတွက် ...
ဘေးနားကြွေကျတဲ့ သစ်ရွက်တစ်ရွက်
မိုးရာသီမှာ မြေခတဲ့ မိုးစက်တစ်စက်
တမ်းတစွဲမက်လောက်စရာ မရှိတဲ့
သာမန် အဖြစ်အပျက်တစ်ခုရယ်ပါ။

မင်းဟာ ကိုယ့်အတွက် ...
ကိုယ့်သစ်ပင်ရဲ့ တစ်ရွက်တည်းသော သစ်ရွက်
ကိုယ့်ကန္တာရရဲ့ တစ်စက်တည်းသော မိုးစက်
နှစ်သက်စွဲမက်စရာ ကောင်းတဲ့
ကိုယ့်ဘ၀ရဲ့ တစ်ခုတည်းသော
မျှော်လင့်ချက်ပါ။ ။


ခရီရေတာ
23.9.2006