Monday, August 20, 2007

မင်းအတွက် ကိုယ့်ရဲ့ နန်းတော်

သူ့ကို ပြောချင်တဲ့ စကားတွေကို ကဗျာလေး ရေးထားတာ ...

မင်းအတွက် ကိုယ့်ရဲ့ နန်းတော်

ဒါ .. မင်း ၀င်လာမလားလို့
တည်ထားတဲ့ ကိုယ့်ရဲ့နန်းတော်ပေါ့
မင်းနှစ်သက်မယ်လို့ ထင်ပြီး
ဆန်းဆန်းပြားပြားအရာတွေ ဖန်ဆင်း
ခမ်းခမ်းနားနားဖြစ်အောင် ပြင်ဆင်ထားခဲ့တာ။

မင်းသွားရာ လမ်းမှာ
စိတ်ရှုပ်စရာ ဖြစ်နေမှာမဟုတ်။
မျှော်လင့်ချက်တွေ အိပ်မက်တွေနဲ့
တယုတယ တည်ထားခဲ့ပေမယ့်
မင်း ခေါင်းခါလိုက်ရုံနဲ့
အငွေ့ပျံ ပျောက်ကွယ်သွားမှာ။

မဟုတ်ဘူး .. မဟုတ်ဘူး
ဒါ .. မင်းထင်သလို
ခဏတာ ပျော်ပါးဖို့
ကစားကွင်း မဟုတ်ဘူး။
ဗဟုသုတ ရလိုက်မယ့်
ပြတိုက်လဲ မဟုတ်ဘူး။
မင်းဘ၀အမောတွေ ဖြေပေးမယ့်
အိမ်ကလေး ဖြစ်စေချင်ခဲ့တာ။

မင်းဝင်လာစေချင်တဲ့ စိတ်ဇောနဲ့
ဆန္ဒစောပြီး ဖန်ဆင်းခဲ့တာကြောင့်
မင်းပြန်ထွက်မသွားအောင် ပိတ်ထားနိုင်မယ့်
တံခါးတွေ တပ်ထားဖို့ မေ့သွားခဲ့တာ။ ။

ခရီရေတာ
19.8.2007

Monday, August 6, 2007

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ပြုံးချင်စရာ ကဗျာလေး တွေးပြီး ရေးပေမယ့် ရင်ထဲမှာ မချိဘူးဗျ ....

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ကျနော်၏ နှလုံးသားသည်
ကျနော်၏ လိုအင်ဆန္ဒကို
ဆန့်ကျင်ကျော်လွှား၍
မချစ်သင့်သူကို ချစ်မိခြင်း၊
မရနိုင်သည်ကို မျှော်လင့်ခြင်း၊
မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်ခြင်းတို့ကို
အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပြီး
ကျနော်၏ရင်တွင်းမှ
ဆင်းသက်ထွက်ခွာသွားပါသည်။
ယနေ့မှ စ၍
ကျနော်၏နှလုံးသားနှင့် ကျနော်တို့
မည်သို့မှ ပတ်သက်မှုမရှိတော့ပါ။
စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ ။

ခရီရေတာ
06.08.2007

မင်းမှ မင်း

ကျနော့်အနားမှာ လူတွေ အများကြီး ရှိနေပါတယ်လို့ ပြောတတ်တဲ့ သူ့အတွက် ....

မင်းမှ မင်း

တစ်ခြားသူတွေဆီက ဂရုစိုက်မှုတွေ
ကိုယ်လိုသလောက် ရနိုင်ပါတယ်
ဒါပေမယ့် ကိုယ်က ...
မင်းဆီကမှ လိုချင်တယ်။

တခြားသူတွေဆီက အားပေးစကားတွေ
ကိုယ်အလုံအလောက် ရနေပါတယ်
ဒါပေမယ့် ကိုယ်က ...
မင်းဆီကမှ လိုချင်တယ်။

ဒီကမ္ဘာရဲ့ တစ်နေရာမှာ
အချစ်ဆိုတာ ရှာတွေ့နိုင်ပါတယ်
ဒါပေမယ့် ကောင်မလေးရယ်
ကိုယ်က ...
မင်းဆီကမှ လိုချင်နေတယ်။ ။

ခရီရေတာ
19.11.2006