Monday, July 2, 2007

ကိုယ်နဲ့မင်း

လမ်းလျှောက်နေရင်းက ဘေးနားမှာ ကြွေကျလာတဲ့ သစ်ရွက်တစ်ရွက်ကို ဘယ်သူကများ တန်ဖိုးထားပြီး အမြတ်တနိုး သိမ်းဖူးပါသလဲ။ မိုးရာသီမှာ မြေခတဲ့ မိုးစက်ပေါင်းများစွာထဲက မိုးစက်လေးတစ်စက်ကိုရော ဘယ်သူက ဂရုစိုက်မိမှာတဲ့လဲ။ အဲလိုပဲ ကျနော်က သူ့အတွက် တန်ဖိုးထား ဂရုစိုက်စရာ မဖြစ်ခဲ့ပါဘူး။

သစ်ပင်အိုက သူ့ရဲ့ တစ်ရွက်တည်းသော သစ်ရွက်ကို မြတ်နိုးသလို၊ ကန္တာရဟာ သူ့ဆီမှာ ရွာတဲ့ တစ်စက်တည်းသော မိုးစက်ကို တန်ဖိုးထားသလို၊ ကျနော် သူ့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပါတယ်။

ကျနော်နဲ့ သူ့ရဲ့ မတူညီတဲ့ ခံစားချက်တွေ အကြောင်းပေါ့။

ကိုယ်နဲ့မင်း

ကိုယ်ဟာ မင်းအတွက် ...
ဘေးနားကြွေကျတဲ့ သစ်ရွက်တစ်ရွက်
မိုးရာသီမှာ မြေခတဲ့ မိုးစက်တစ်စက်
တမ်းတစွဲမက်လောက်စရာ မရှိတဲ့
သာမန် အဖြစ်အပျက်တစ်ခုရယ်ပါ။

မင်းဟာ ကိုယ့်အတွက် ...
ကိုယ့်သစ်ပင်ရဲ့ တစ်ရွက်တည်းသော သစ်ရွက်
ကိုယ့်ကန္တာရရဲ့ တစ်စက်တည်းသော မိုးစက်
နှစ်သက်စွဲမက်စရာ ကောင်းတဲ့
ကိုယ့်ဘ၀ရဲ့ တစ်ခုတည်းသော
မျှော်လင့်ချက်ပါ။ ။


ခရီရေတာ
23.9.2006

3 comments:

Layma said...

“ သူငယ်ချင်းလို့ ဘဲ ဆက် ခေါ်မည်ခိုင် ” က “ခိုင်” ကတော့ သစ်ရွက်ကြွေတွေကို တမင်တကာလိုက်ကောက်တတ်တယ်…..

Anonymous said...

ငါ့အကို မမျှော်လင့်နဲ့ .. မျှော်ရင်လင့်ရတတ်တယ် .. ယောက်ျားရသွားပြီဆိုတော့ စိတ်လျှော့လိုက်ပါတော့နော် :P :P

Anonymous said...

ဖတ်လို့ ကောင်းတယ်.. ကဗျာထက် အပေါ်က စာတိုလေးက ပိုဖတ်လို့ ကောင်းသလိုပဲ