Monday, August 20, 2007

မင်းအတွက် ကိုယ့်ရဲ့ နန်းတော်

သူ့ကို ပြောချင်တဲ့ စကားတွေကို ကဗျာလေး ရေးထားတာ ...

မင်းအတွက် ကိုယ့်ရဲ့ နန်းတော်

ဒါ .. မင်း ၀င်လာမလားလို့
တည်ထားတဲ့ ကိုယ့်ရဲ့နန်းတော်ပေါ့
မင်းနှစ်သက်မယ်လို့ ထင်ပြီး
ဆန်းဆန်းပြားပြားအရာတွေ ဖန်ဆင်း
ခမ်းခမ်းနားနားဖြစ်အောင် ပြင်ဆင်ထားခဲ့တာ။

မင်းသွားရာ လမ်းမှာ
စိတ်ရှုပ်စရာ ဖြစ်နေမှာမဟုတ်။
မျှော်လင့်ချက်တွေ အိပ်မက်တွေနဲ့
တယုတယ တည်ထားခဲ့ပေမယ့်
မင်း ခေါင်းခါလိုက်ရုံနဲ့
အငွေ့ပျံ ပျောက်ကွယ်သွားမှာ။

မဟုတ်ဘူး .. မဟုတ်ဘူး
ဒါ .. မင်းထင်သလို
ခဏတာ ပျော်ပါးဖို့
ကစားကွင်း မဟုတ်ဘူး။
ဗဟုသုတ ရလိုက်မယ့်
ပြတိုက်လဲ မဟုတ်ဘူး။
မင်းဘ၀အမောတွေ ဖြေပေးမယ့်
အိမ်ကလေး ဖြစ်စေချင်ခဲ့တာ။

မင်းဝင်လာစေချင်တဲ့ စိတ်ဇောနဲ့
ဆန္ဒစောပြီး ဖန်ဆင်းခဲ့တာကြောင့်
မင်းပြန်ထွက်မသွားအောင် ပိတ်ထားနိုင်မယ့်
တံခါးတွေ တပ်ထားဖို့ မေ့သွားခဲ့တာ။ ။

ခရီရေတာ
19.8.2007

Monday, August 6, 2007

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ပြုံးချင်စရာ ကဗျာလေး တွေးပြီး ရေးပေမယ့် ရင်ထဲမှာ မချိဘူးဗျ ....

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ကျနော်၏ နှလုံးသားသည်
ကျနော်၏ လိုအင်ဆန္ဒကို
ဆန့်ကျင်ကျော်လွှား၍
မချစ်သင့်သူကို ချစ်မိခြင်း၊
မရနိုင်သည်ကို မျှော်လင့်ခြင်း၊
မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်ခြင်းတို့ကို
အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပြီး
ကျနော်၏ရင်တွင်းမှ
ဆင်းသက်ထွက်ခွာသွားပါသည်။
ယနေ့မှ စ၍
ကျနော်၏နှလုံးသားနှင့် ကျနော်တို့
မည်သို့မှ ပတ်သက်မှုမရှိတော့ပါ။
စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ ။

ခရီရေတာ
06.08.2007

မင်းမှ မင်း

ကျနော့်အနားမှာ လူတွေ အများကြီး ရှိနေပါတယ်လို့ ပြောတတ်တဲ့ သူ့အတွက် ....

မင်းမှ မင်း

တစ်ခြားသူတွေဆီက ဂရုစိုက်မှုတွေ
ကိုယ်လိုသလောက် ရနိုင်ပါတယ်
ဒါပေမယ့် ကိုယ်က ...
မင်းဆီကမှ လိုချင်တယ်။

တခြားသူတွေဆီက အားပေးစကားတွေ
ကိုယ်အလုံအလောက် ရနေပါတယ်
ဒါပေမယ့် ကိုယ်က ...
မင်းဆီကမှ လိုချင်တယ်။

ဒီကမ္ဘာရဲ့ တစ်နေရာမှာ
အချစ်ဆိုတာ ရှာတွေ့နိုင်ပါတယ်
ဒါပေမယ့် ကောင်မလေးရယ်
ကိုယ်က ...
မင်းဆီကမှ လိုချင်နေတယ်။ ။

ခရီရေတာ
19.11.2006

Friday, July 27, 2007

ပြန်လည်ဆုံတွေ့ကြရာဝယ်

တစ်ခါတုန်းက ............

ပြန်လည်ဆုံတွေ့ကြရာဝယ်

သူနဲ့ ပြန်တွေ့တယ်
...

ဟိုအရင်တုန်းကလိုပဲ
စိမ်းကားတဲ့ မျက်ဝန်းနဲ့
အေးစက်စက် ကြည့်သွားတယ်။

ဟိုအရင်တုန်းကလိုပဲ
တစ်ချက်ငဲ့ကြည့်ပြီး
မျက်နှာလွှဲသွားတယ်။

ဟိုအရင်တုန်းကလိုပဲ
လှောင်ချင်တဲ့ သဘောထားနဲ့
မဲ့ပြုံးပြုံးသွားတယ်။

ဟိုအရင်တုန်းကလိုပဲ
ခြေလှမ်းပြင်းပြင်းနဲ့
ဖြတ်လျှောက်သွားတယ်။

ဟိုအရင်တုန်းကလိုပဲ
မထီတရီ မျက်နှာထားနဲ့
သူ သိပ်လှတယ်။

ဟိုအရင်တုန်းကလိုပဲ
သွေးပျက်တဲ့ နှလုံးသားနဲ့
ကျနော် ရင်ခုန်မိတယ်။ ။

ခရီရေတာ
13.01.2006



Monday, July 23, 2007

အိပ်ပျက်တဲ့ည

ခံစားကြည့်ကြပါ။ တိုက်ဆိုင်မှု ရှိမလားလို့ ...

အိပ်ပျက်တဲ့ည

တံခါးတွေပိတ် မီးကိုမှိတ်
ကိုယ် အိပ်ရာထဲ ၀င်ခဲ့တယ်။

`အိမ်ကလူတွေ အိပ်ကြပါတော့
ကျနော် စောစောထရမယ်။´

မျက်စိကြောင်ပြီး ဘယ်လူးညာလှိမ့်
အအိပ်ခက်လို့ စိတ်ပျက်တယ်။

လမ်းပေါ်က ခွေးတစ်ကောင်နှစ်ကောင်
အူကြောင်ကြောင်နဲ့ ထဟောင်တယ်။

အိမ်မြောင်က တစ်မျိုး
အရေးထဲ စုတ်လာထိုးနေတယ်။

တစ်ချက်ချက်နဲ့ သွားတဲ့ နာရီသံ
ပိုပိုပြီး ဆူညံလာတယ်။

မျက်စိမှိတ်ပြီး စိတ်ကိုလျှော့
အိပ်တော့လို့ ကိုယ့်ကိုယ်ကို ဆုံးမတယ်။

ရင်တွေပူပြီး အာခေါင်တွေခြောက်
ရေထသောက်ရသေးတယ်။

သန်းခေါင်ကျော် တစ်ချက်ထိုး
ကိုယ်နိုးနေတုန်းပဲ။

မနက်ဖြန် သူနဲ့တွေ့မယ်ဆိုမှ
ရင်ခုန်ပြီး အိပ်မရ ညကရှည်လွန်းတယ်။ ။

ခရီရေတာ
5.3.2006

Saturday, July 21, 2007

ရောဂါ

ဒီကဗျာလေးရဲ့ ပထမစာပိုဒ်မှာ ပါတဲ့ စာသားလေးကို နဲနဲ ရှင်းပြပါမယ်။ သူ့ကို စွဲလန်းစိတ်ကြောင့် ကျနော့်ရဲ့ နှလုံးခုန်သံတွေက သူ့နံမည်လို အသံထွက်နေတယ်။ အဲလို နှလုံးသားက သူ့နံမည်ကို ခေါ်ရင်းခေါ်ရင်းနဲ့ အသံဝင်သွားတယ်လို့ တင်စားပြီး ရေးထားတာပါ။

ရောဂါ

ကိုယ့်နှလုံးသားလေး
အသံဝင်သွားတယ်
မင်းနံမည်ကို
တဖွဖွ ရေရွတ်ရင်းနဲ့ပေါ့ကွယ်။

ကိုယ့်မျက်လုံးအစုံလည်း
ချို့ယွင်းကုန်ပြီကွယ်
မင်းပုံရိပ်တွေပဲ
မြင်မြင်နေမိတယ်။

ကိုယ့်ဦးနှောက်တွေလည်း
ပျက်စီးသွားတယ်ကွယ်
မင်းရဲ့ အပြောင်အပြက်စကားတွေကို
တကယ်ထင်မိသွားတယ်။ ။

ခရီရေတာ
10.11.2004

Wednesday, July 11, 2007

စိတ်ကူး

စိတ်ကူးကြည့်တာပါ ...

စိတ်ကူး

အဖန်ဖန် အခါခါ
အသဲကွဲ ကြမ္မာဆိုးတွေနဲ့ပဲ
ကြုံဆုံရတော့ ခက်လှတယ်။

နောက်ထပ်တစ်ခါ
မင်းလိုတစ်ယောက်ကိုလည်း
ချစ်မိသွားမှာ စိုးကြောက်တယ်။

ဒါကြောင့် ...
နှလုံးသားကို တံခါးပိတ်
တိတ်တိတ်အိပ်လို့ နေတော့မယ်။ ။

ခရီရေတာ
21.12.2005

Monday, July 2, 2007

ကိုယ်နဲ့မင်း

လမ်းလျှောက်နေရင်းက ဘေးနားမှာ ကြွေကျလာတဲ့ သစ်ရွက်တစ်ရွက်ကို ဘယ်သူကများ တန်ဖိုးထားပြီး အမြတ်တနိုး သိမ်းဖူးပါသလဲ။ မိုးရာသီမှာ မြေခတဲ့ မိုးစက်ပေါင်းများစွာထဲက မိုးစက်လေးတစ်စက်ကိုရော ဘယ်သူက ဂရုစိုက်မိမှာတဲ့လဲ။ အဲလိုပဲ ကျနော်က သူ့အတွက် တန်ဖိုးထား ဂရုစိုက်စရာ မဖြစ်ခဲ့ပါဘူး။

သစ်ပင်အိုက သူ့ရဲ့ တစ်ရွက်တည်းသော သစ်ရွက်ကို မြတ်နိုးသလို၊ ကန္တာရဟာ သူ့ဆီမှာ ရွာတဲ့ တစ်စက်တည်းသော မိုးစက်ကို တန်ဖိုးထားသလို၊ ကျနော် သူ့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပါတယ်။

ကျနော်နဲ့ သူ့ရဲ့ မတူညီတဲ့ ခံစားချက်တွေ အကြောင်းပေါ့။

ကိုယ်နဲ့မင်း

ကိုယ်ဟာ မင်းအတွက် ...
ဘေးနားကြွေကျတဲ့ သစ်ရွက်တစ်ရွက်
မိုးရာသီမှာ မြေခတဲ့ မိုးစက်တစ်စက်
တမ်းတစွဲမက်လောက်စရာ မရှိတဲ့
သာမန် အဖြစ်အပျက်တစ်ခုရယ်ပါ။

မင်းဟာ ကိုယ့်အတွက် ...
ကိုယ့်သစ်ပင်ရဲ့ တစ်ရွက်တည်းသော သစ်ရွက်
ကိုယ့်ကန္တာရရဲ့ တစ်စက်တည်းသော မိုးစက်
နှစ်သက်စွဲမက်စရာ ကောင်းတဲ့
ကိုယ့်ဘ၀ရဲ့ တစ်ခုတည်းသော
မျှော်လင့်ချက်ပါ။ ။


ခရီရေတာ
23.9.2006

Wednesday, June 27, 2007

အသဲကွဲရာသီ

ဒီကဗျာလေးကို ရေးဖြစ်တဲ့ အချိန်တုန်းက ကျနော်ရော၊ ကျနော့် သူငယ်ချင်းနှစ်ယောက်ရော၊ ကျနော်နဲ့ ခင်တဲ့ အမကြီးတစ်ယောက်ရော အသဲတွေ ကိုယ်စီကွဲကြတာမို့ အသဲကွဲရာသီများ ရောက်နေပီလားလို့ တွေးမိပြီး ဒီကဗျာကို ရေးဖြစ်ပါတယ်။

အသဲကွဲရာသီ

ဥပေက္ခာလေစိမ်းတွေ ကြမ်းတော့
ကိုယ့်နှလုံးသားလေး
ခိုက်ခိုက်တုန် ချမ်းနေတယ်။

အလွမ်းမိုးတိမ်တွေ ညိုမဲနေတော့
ယုံကြည်ချက်တွေ
ပြိုကွဲခဲ့ရတယ်။

မရေရာခြင်း မြူခိုးတွေဝေတော့
လမ်းပျောက်တဲ့ညတွေ
ရှည်ခဲ့ရပြန်တယ်။

သြော် ....
ဘာလိုလိုနဲ့
အသဲကွဲရာသီကိုတောင်
ရောက်လာပြန်ပြီပဲ။ ။

ခရီရေတာ
?.9.2005

Sunday, June 24, 2007

ရိုးရိုးလေး

အချစ်ကဗျာ ရိုးရိုးလေးတစ်ပုဒ်ပါ ....

ရိုးရိုးလေး

ကိုယ်က ...
ပန်းပွင့်လှလှတွေ ဖူးပွင့်လောက်အောင်
စကားမဆိုတတ်ပါဘူး
မင်းအပြုံးလှလှရရုံလောက်သာ
ကြိုးစားနေရသူပါ။

ကိုယ်က ...
ကြယ်တွေလတွေ ကြွေကျလောက်အောင်
လွမ်းမပြတတ်ပါဘူး
မျက်ရည်တစ်စ မြေခရုံလောက်သာ
တမ်းတတတ်သူပါ။

ကိုယ်က ...
နတ်ဘုရားတွေ ဦးညွတ်ရလောက်အောင်
ချစ်မပြတတ်ပါဘူး
မြတ်မြတ်နိုးနိုး ရိုးရိုးသားသားနဲ့သာ
ချစ်မိခဲ့သူပါ။

ကောင်မလေးရယ် ...
မင်းကို ကိုယ်ချစ်တာ
ရိုးရိုးလေးပါ။ ။

ခရီရေတာ
21.2.2006

Sunday, June 17, 2007

ထုချေလွှာ

တကယ်လို့ ကျနော့်မှာ စိတ်ကောက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ဆိုပါစို့။ (ကျောလည်လောက် ဖြောင့်စင်းနေတဲ့ ဆံပင်ညိုညိုနဲ့အသားဖြူဖြူ မျက်လုံးပြူးဝိုင်းဝိုင်း နှုတ်ခမ်းပါးလေးနဲ့ ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက် ကုက္ကားပေါ့ဗျာ .. ဟီး ...) ကျနော့်အနားမှာ သူ မရှိတဲ့ အချိန်မှာ ကျနော်အရမ်းပျော်နေတယ်လို့ ကြားပြီး စိတ်ကောက်မယ် ဆိုရင် ကျနော်က ဒီလို ကဗျာလေး ရေးပြီး ချော့ပါမယ် ...

ထုချေလွှာ

သူတို့တွေ ပြောကြသလို
မဟုတ်ရပါဘူး အချစ်ရယ်။
ပျော်နေတာ မဟုတ်ဘူး
ပျော်အောင် နေနေရတာပါ။
မလွမ်းလို့ မဟုတ်ပါဘူး
လွမ်းမပြတတ်လို့ပါ။
မင်းမရှိတဲ့နေ့ရက်တွေမှာ
ရယ်စရာပြောနေရင်းက
ရီဝေသွားတဲ့ မျက်လုံးအစုံ၊
တိတ်တခိုးချမိတဲ့ သက်ပြင်း၊
မင်းရှိတဲ့နေရာကို
မကြာခဏထွက်ပြေးတဲ့
ကိုယ့်ရဲ့အတွေးတွေ၊
မင်းမရှိလို့ မနေတတ်တဲ့
ကိုယ့်နှလုံးသားနဲ့
ကိုယ်ခံစားရသမျှတွေကို
ဘယ်သူမှ မသိလိုက်လို့ပါကွာ။ ။

ခရီရေတာ

Thursday, June 14, 2007

မင်းမသိသင့်တာတွေ

ဟိုးတစ်ခါတုန်းကပေါ့ .....

မင်းမသိသင့်တာတွေ

ရက်တွေလတွေ ရွေ့ခဲ့ပေမယ့်
မေ့မရသေးဘူး ....
မနေ့တစ်နေ့ကလိုပဲ။

အေးစက်တဲ့ မင်းစကား
စိမ်းကားတဲ့ မင်းအကြည့်
သတိရနေတုန်းပဲ။

အတူလျှောက်ခဲ့ဖူးတဲ့ လမ်း
အတူသောက်ခဲ့ဖူးတဲ့ အအေးဆိုင်
ရောက်တိုင်းရှာတုန်းပဲ။

မင်းရှိမယ့်နေရာ ကိုယ်သိပေမယ့်
မင်းအတွေးမှာ ကိုယ်မရှိလေတော့
ဝမ်းနည်းရရုံပဲ။

ရက်တွေလတွေ ရွေ့ခဲ့ပေမယ့်
မေ့မရသေးဘူး ....
မနေ့တနေ့ကလိုပဲ။။

ခရီရေတာ
21.10.2005

Monday, June 11, 2007

ဟန်ဆောင်ခြင်း

အသဲကွဲရပေမယ့်လဲ မမေ့နိုင်ပြန်ဘူး ...

ဟန်ဆောင်ခြင်း

ပြုံးနေပေမယ့် ကြေကွဲနေပါတယ်
ဟန်ဆောင်ထားပေမယ့် ၀မ်းနည်းနေတယ်
လူတွေကြားမှာရှိနေပေမယ့် အထီးကျန်နေတယ်
မေ့ပစ်ဖို့ ကြိုးစားနေပေမယ့်
မင်းအကြောင်းပဲ တွေးနေမိတယ်။ ။

ခရီရေတာ
1999

သူပြောလိုက်သော စကားတစ်ခွန်းကြောင့်

ပထမဆုံး အသဲကွဲ ဇာတ်လမ်းလေးပေါ့ ...

သူပြောလိုက်သော စကားတစ်ခွန်းကြောင့်

စာသင်ပျက်တာက နှစ်ရက်
ထမင်းမ၀င်တာက လေးနပ်စာ
အိပ်မပျော်တာက သုံးည
ဆင်းရမယ့် မှတ်တိုင်ကျော်သွားတာက ငါးခါ
ချမိတဲ့ သက်ပြင်းက အခါတစ်ရာ
သူ့အကြောင်းတွေးတဲ့ အတွေးက ကုဋေကုဋာ .....။ ။

ခရီရေတာ
1999

Friday, June 8, 2007

ဆုတောင်း



ချစ်သူရှိသူများအတွက် ခရီရေတာရဲ့ လက်ဆောင်ပါ။ ကုသိုလ်ကောင်းမှု တစ်ခါပြု ပြီးတိုင်း ဒီကဗျာလေး ရွတ်ပေါ့နော်။ ဘုရားရှိခိုးပြီးတိုင်းလဲ ရွတ်လို့ရတယ် .. ဟဲဟဲ။


ဆုတောင်း

ဤသို့ပြုရ မြတ်ပုညကြောင့်
မြတ်နိုးရသူ ကိုယ့်ချစ်သူသည်
လာမည့်ဘေး ဝေးပါစေ။
ထိမည့်ခလုတ် ဆုတ်ပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။
ကြံဆောင်သမျှ အောင်ပါစေ။
ချစ်ခြင်းရည်တူ ကြည်ဖြူပါစေ။
ကြင်နာလက်တွဲ မြဲပါစေ။ ။

ခရီရေတာ
15.7.2001



Notice ။ ။ ခရီရေတာ၏ ဆုတောင်း ကဗျာမှာ ခရစ်သက္ကရာဇ် ၂၀၀၁ခုနှစ်ကတည်းက စတင်ပေါ်ထွက်ခဲ့သော မူလလက်ဟောင်း ဆုတောင်း ဖြစ်ပါသည်။ အတုအပ သတိပြုပါ .. ဟီးဟီး ... (စတာနော် တိုက်ဆိုင်မှုရှိရင် စိတ်ဆိုးပါနဲ့နော် .. ) :P

Thursday, June 7, 2007

လိုအပ်ချက်များ



လိုအပ်ချက်များ

မင်းထွက်မသွားအောင် တားထားဖို့
ခွန်အားတွေ လိုချင်တယ်။

မင်းရှိမယ့်နေရာ အရောက်ပျံဖို့
အတောင်ပံတွေ လိုချင်တယ်။

ရင်ကွဲနိုင်စရာ မ သိ ကြားဖို့
ကတိစကားတွေ လိုချင်တယ်။

လွမ်းတဲ့ရက်မှာ အသက်ဆက်ဖို့
မျှော်လင့်ချက်တွေ လိုချင်တယ်။။

ခရီရေတာ
11.8.2001

ဧည့်သည်

တစ်ခါတုန်းက ကြုံခဲ့ရတာလေးပါ။ အမှတ်တရလေးပေါ့ ...

ဧည့်သည်

`ဟို .. လမ်းကြုံတာနဲ့လေ ...
မင်းဆီ ခဏ၀င်လာတာ ...´
ဟင် .. မင်းမျက်လုံးတွေက
အေးစက်လိုက်တာ။
မျက်မှောက်ကုတ်နေတာလားဟင်။
မပြုံးချင်လဲ မပြုံးပါနဲ့
ရပါတယ်လေ။

`မတွေ့ရတာတောင် ကြာပြီနော် ..´
`...... အင်း ....... ´
`ထမင်းစားပြီးပြီလား´
`..... ဟုတ်ကဲ့ ......´
မေးတစ်ခွန်း ဖြေတစ်ခွန်းနဲ့
မင်းအပြုံးတွေလဲ အားပျော့လာပြီ။
မကြာခဏလဲ နာရီကို ကြည့်တယ်။
အချိန်သိချင်လို့တော့ မဟုတ်ဘူးထင်တယ်။

`ဒါဆို .. ကိုယ် ပြန်တော့မယ်နော် ..´
ဟင် .. မင်းမျက်လုံးတွေ
တောက်ပလာလိုက်တာ။
နှုတ်ဆက်အပြုံးက အားပါးတရပါလား။
ကိုယ်လေ ...
မင်းပျော်စေချင်တဲ့ စေတနာများနဲ့
ခြေလှမ်းကျဲကျဲလှမ်းလို့ ပြန်ခဲ့ပါတယ်။ ။

ခရီရေတာ
20.5.2005


Friday, June 1, 2007

မုန်းမုန်းမေ့မေ့

ကျနော်က သီချင်းတွေကို သိပ်ကြိုက်တော့ ကျနော့်ကဗျာတွေရဲ့ ခေါင်းစဉ်တွေက သီချင်းစာသားတွေ ဖြစ်နေတတ်တယ်။ အခုကဗျာလေးရဲ့ ခေါင်းစဉ်ကလဲ သီချင်းစာသားပဲ။ `မုန်းမုန်းမေ့မေ့´ ရဲ့နောက်က ဆက်ပြီး လာတဲ့ စာသားက `မုန်းမေ့ပါဘူးလို့ ပြောချင်တယ်´ တဲ့။

မုန်းမုန်းမေ့မေ့

ကျနော် .. သူ့ကို
မေ့ပစ်လိုက်ပါပြီ။

ဒီအချိန်ဆိုရင် သူရုံးဆင်းပြီလို့
ကျနော် မစဉ်းစားမိပါဘူး။

ဘတ်စ်ကားတွေ ကျပ်နေမလားလို့
ကျနော် စိတ်မပူဘူး။

အခုအချိန်လောက်ဆိုရင်
ကားနောက်တစ်ဆင့်ပြောင်းစီးဖို့
ကားစောင့်နေလိမ့်မယ်လို့
ကျနော် သတိမရပါဘူး။

သူစီးရမယ့် ဘတ်စ်ကားကို
အကြာကြီး စောင့်နေရမလားလို့
ကျနော် မတွေးမိဘူး။

ဘတ်စ်ကားလာရင်
လူချောင်ပါစေလို့
ကျနော် ဆုမတောင်းတော့ဘူး။

ကျနော် .. သူ့ကို
မေ့ပစ်လိုက်ပါပြီ။ ။

ခရီရေတာ
15.6.2005

Wednesday, May 30, 2007

တစ်ဖက်သတ် (၁)



ဒီလို ခံစားချက်မျိုး ပြန်ခံစားမိလာလို့ ....


တစ်ဖက်သတ် (၁)

ဟန်ဆောင်ပျော်ရွှင်ရင်း
မင်းအကြောင်းတွေးပြီး
ဝမ်းနည်းနေတယ်။

ကိုယ့်အတွက် မရည်ရွယ်တဲ့
မင်းအပြုံးတွေကို
ကိုယ် ဘယ်လိုနှလုံးသားမျိုးနဲ့
ခံစားပေးရမလဲ။

ကိုယ့်အတွက် မဟုတ်တဲ့
မင်းအချစ်တွေကို
ကိုယ် ဘယ်လိုခွန်အားမျိုးနဲ့
မုဒိတာပွားပေးရမလဲ။

ဘယ်သူမှ မသိပေမယ့်
တကယ်ဆိုတော့ ..
ကိုယ်က မင်းကိုချစ်နေရသူလေ။။

ခရီရေတာ
4.7.2000

အနီးအဝေး

ဒီကို ရောက်ခါစတုန်းက ရေးမိတဲ့ ကဗျာလေး ...

အနီးအဝေး

တစ်ယောက်ရင်ထဲမှာ
တစ်ယောက်ရှိတဲ့အခါ
ဘယ်လောက်ဝေးဝေး
နီးနီးလေး .. တဲ့။

တစ်ယောက်ရင်ထဲမှာ
တစ်ယောက်မရှိတဲ့အခါ
ဘယ်လောက်နီးနီး
အဝေးကြီး .. တဲ့။

မိုင်ထောင်သောင်းများစွာ
ဝေးကွာနေတဲ့
မင်းရဲ့ ရင်ထဲမှာ
ကိုယ်မရှိတဲ့အခါ ...... ။ ။

ခရီရေတာ
9.10.2006 4:30 am

အရိုင်းဘုံ

သူများတွေ ရေးတဲ့ မော်ဒန်ကဗျာတွေ ဖတ်ပြီး ကျနော်လဲ လိုက်ဒန်ကြည့်တာ။ မြန်မာပြည်က အခြေအနေကို စိတ်နာတဲ့ အကြောင်းလေး ..

အရိုင်းဘုံ

လမိုက်ည ...
ကြယ်တွေက
သူတို့ကိုသူတို့ ဖောက်ခွဲပြီး
အလင်းပေးနေကြတယ်။
အမှောင်တိုက်ထဲမှာ
ကိုယ့်အသား ကိုယ်ပြန်စားနေတဲ့
လူမိုက်တွေလဲ ရှိရဲ့။

မိုးခါးရေတဲ့လား ...
သောက်နေကျမို့
ခါးမှန်းမသိသာဘူး။

ဆုံးမစကားတွေ လာပြောမနေပါနဲ့
ငါ့လမ်းရဲ့ ဦးတည်ရာကို
ငါကိုယ်တိုင်တောင် မသေချာဘူး။

ငါ့လယ်မြေဟာ
စိုက်ပျိုးနိုင်အောင် ထွန်ယက်ပြီးမှ
ကွန်ကရစ် အလောင်းခံလိုက်ရတယ်။

အချစ်ရယ် ...
ငါ့ကို တအားမဖက်လိုက်ပါနဲ့
ငါ့ရင်ထဲက ဆူး
မင်းကို စူးမှာစိုးတယ်။

ခရီရေတာ
2.8.2000
(re-edited in 25.6.2006)

Monday, May 28, 2007

ကျနော်နဲ့ ငှက်ကလေး



ကျနော်နဲ့ ငှက်ကလေး

မတော်တဆလဲ မဟုတ်၊ တမင်တကာ ဖန်တီးယူတာလဲ မဟုတ်ဘဲနဲ့ ငှက်ကလေးနဲ့ ကျနော် သိခဲ့ကြပါတယ်။ သူ့အသံကို ကြားရတာ၊ သူ့အနားမှာ နေရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ တစ်ခါတစ်ခါ သူ့ကို အားကျမိတယ်လေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ငှက်ကလေးက မလိမ္မာပါဘူး။ ဒါပေမယ့် ဆိုးနေတာလဲ မဟုတ်ဘူး။ သူများကိုလဲ ဒုက္ခမပေးတတ်ပါဘူး။ သူပျော်သလိုနေတာပါပဲလေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ငှက်ကလေး နေတဲ့နေရာနဲ့ ကျနော်နေတဲ့နေရာက မိုင်၄၀၀ကျော်

ဝေးပါတယ်။ သူ့နှလုံးသားနဲ့ ကျနော့်နှလုံးသားကတော့ အဲဒီထက်
ပိုဝေးတယ်လို့ ထင်ရတယ်။ ကျနော်ကတော့ သူ့မျက်နှာကို ကြည့်ပြီး သူ့အနားမှာ ရှိချင်မိတယ်။ သူ့ဆီမှာတော့ အဲလိုမျိုး ဆန္ဒတွေရှိမှာ မဟုတ်ပါဘူးလေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ငှက်ကလေးက သူ့ကိုယ်သူ မလှဘူးလို့ မကြာခဏ ပြောတတ်ပါတယ်။ ကျနော်ကတော့ သူတော်တော်လှတယ်လို့ စိတ်ထဲက အမြဲထင်တယ်။ နှုတ်ကလဲ တစ်ခါတစ်လေ ပြောဖြစ်ပါတယ်။ သိပ်ပြောလွန်းရင် သူလန့်ပြီး ပျံပြေးသွားမှာကိုလဲ စိုးရသေးတယ်လေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ငှက်ကလေး ဘာကြိုက်လဲ ကျနော်မသိပါဘူး။ သူကလဲ ပြောမပြပါဘူး။ အဲဒီလိုနဲ့ သူကျေနပ်မယ်ထင်တာတွေ လုပ်ရင်း အလွဲလွဲအချော်ချော် ဖြစ်တဲ့အခါ သူက `လည်မလိုလိုနဲ့ တော်တော်တုံးတာပဲ´လို့ ဝေဖန်တတ်ပါတယ်။ ကျနော်က သူ့ကို လိုက်မမှီပါဘူးလေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ငှက်ကလေးက ကျနော့်ကို မချစ်ဘူးဆိုတာ ကျနော်သိပါတယ်။ ကျနော်က ငှက်ကလေးကို ချစ်မချစ်ကတော့ ကျနော်လဲ မသိပါဘူး။ ငှက်ကလေးလဲ မသိပါဘူး။ ကျနော်မသိတာကတော့ မတွေးရဲလို့ပါ။ သူ မသိတာကတော့ မတွေးမိလို့ ဖြစ်မှာပါ။ ကျနော့်အနားမှာ သူနေချင်မှာလဲ မဟုတ်ပါဘူးလေ။ သူက လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ငှက်ကလေး မဟုတ်လား။

ခရီရေတာ
7.3.2006

Saturday, May 26, 2007

အဲဒီည

ကိုဘလာဂေါက်ရဲ့ သတ်ပုံမှားတဲ့ည ကဗျာကို မအိပ်ခင်ဖတ်လိုက်တာ .. ကျနော်လဲ ကဗျာရေးဖြစ်သွားပါတယ်။

အဲဒီည

အဲဒီညက ...
အိမ်မြောင်တစ်ကောင်
စုတ်တသပ်သပ်နဲ့ သေတဲ့ည။

အဲဒီညက ...
ကြယ်တစ်ပွင့်
သက်ပြင်းချရင်း ကြွေကျတဲ့ည။

အဲဒီညက ...
မိုးပေါ်က လမင်း
မျက်မှောင်ကုပ်ပြီး မျက်နှာလွှဲတဲ့ည။

အဲဒီညက ...
မိုးကောင်းကင်ကြီး
မကျေမနပ်နဲ့ တောက်ခေါက်တဲ့ည။

အဲဒီညက ...
မုန်းလို့မရ မေ့လို့မရ
မင်းကိုသတိရမိတဲ့ ညပေါ့။

ခရီရေတာ
26.5.2007


ဘာကြောင့်

အသက်၂၀တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါပဲ။ ၀ိုင်းဝိုင်းအရာလေးတောင် မကျန်ခဲ့တဲ့ ကျနော့်ရဲ့ အဖြစ်အပျက်တွေထဲက တစ်ခုပေါ့ ...

ဘာကြောင့်

ကိုယ့်ရဲ့ အကြင်နာစကားတွေကို
လှောင်ပြီး မရယ်ခင်
မင်းမျက်နှာမှာ
အပြုံးရိပ်သမ်းသွားရတာ
ဘာကြောင့်များလဲကွယ်။

ကိုယ် တခြားမိန်းကလေးတွေအကြောင်း
ပြောမိတဲ့အခါ
မင်းမျက်လုံးလေးတွေ
ဒေါသရောင်သမ်းသွားရတာ
ဘာကြောင့်များလဲကွယ်။

ကိုယ်က မင်းကိုကျီစယ်တဲ့သဘောနဲ့
ဂရုမစိုက်ဟန်ပြောမိရင်
မင်းရဲ့ ရန်တွေ့သံတွေ
တုန်ခါနေကြတာ
ဘာကြောင့်များလဲကွယ်။

ကိုယ်က မင်းကို
ချစ်တယ်လို့ပြောတဲ့အခါ
`နင့်ကိုငါမချစ်ဘူး´လို့
တူးတူးခါးခါးငြင်းတာ
ဘာကြောင့်များလဲကွယ်။

ဘာကြောင့်လဲ ..
ဘာကြောင့်များလဲ ...
သိရခက်တဲ့ မိန်းကလေးရယ်။ ။

ခရီရေတာ

စာကြွင်း။ ။ သဲထဲရေသွန်ရင် ၀ိုင်းဝိုင်းအရာလေးတော့ ကျန်ခဲ့တယ်မဟုတ်လား။ အဲလို ၀ိုင်းဝိုင်းအရာလေးတောင်မှ မကျန်ခဲ့တဲ့ ကျနော့်ရဲ့ အဖြစ်အပျက်လေးအကြောင်းပါ။




အားဆေး

တစ်ခါတုန်းက ရင်ခုန်ခဲ့ဖူးတဲ့ အကြောင်းလေးပေါ့ ...

အားဆေး

ကောင်မလေးရေ ..
မင်းရဲ့ အကြည့်နွေးနွေးလေးတွေမှာ
ပရိုတင်း၊ ဗီတာမင်နဲ့
သတ္တုဓာတ်တွေ ပါဝင်နေတယ်။

မင်းရဲ့ အပြုံးလှလှလေးတွေက
စိတ်ဖိစီးမှုဒဏ် Stress ကိုပါ
ပျောက်ကင်းသက်သာစေတယ်။

မင်းရဲ့ ကိုယ်ရနံ့သင်းသင်းလေးက
မောပန်းမှုတွေကို ပြေပျောက်စေပြီး
သွေးလှည့်ပတ်မှုကို အားကောင်းစေတယ်။

ကောင်မလေးရေ ..
အကြင်နာချို့တဲ့မှုဝေဒနာ
ခံစားနေရတဲ့ ကိုယ့်အတွက်တော့
မင်းလေးက အားဆေးတစ်ခွက်ပါကွယ်။ ။

ခရီရေတာ
1.9.2004

Thursday, May 24, 2007

ပန်းကလေးသို့

ဒီကဗျာလေးက ကျနော့် အသက်၂၀တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ (ဟီး .. အသက်က ၂၀ကျော်လေးပဲ ရှိသေးတာ။ ဘယ်လောက်ကျော်ပြီလဲ ဆိုတော့ တော်တော်ကျော်ပြီ။) နဲနဲ ပြန်ပြင်ထားပါတယ်။ ခံစားကြည့်ကြပါဗျာ။

ပန်းကလေးသို့

ပန်းကလေးရယ်
မင်းဘ၀လမ်းတစ်လျှောက်
ပူပြင်းခြောက်သွေ့
မိုးစက်နဲ့ မတွေ့ရတဲ့နေ့တွေ
လရောင်မလင်း
ကြယ်ရောင်ကင်းတဲ့ ညတွေ
ငိုရှိုက်လန့်နိုး
အိပ်မက်ဆိုးတွေနဲ့များ
ကြုံခဲ့ရသလားဟင်။

လေယူရာသင်းပျံ့နေတဲ့
မင်းရဲ့ ရနံ့တွေကြားမှာ
မျက်ရည်စက်ရဲ့ အငွေ့အသက်တွေ
ကိုယ်တွေ့လိုက်ရသလိုပဲ။

စာနာချင် သိချင်ပေမယ့်
ဝမ်းနည်းခြင်းဆိုတဲ့ အရာကို
မသိစေလိုတာကြောင့်
မေးလိုတဲ့ နှုတ်ဖျား
ဆွံ့အသွားခဲ့ရတယ်။

ပန်းကလေးရယ်
ကိုယ်လေ ...
တန်ခိုးရှင် ဖြစ်ခွင့်ရမယ်ဆိုရင်
မင်းပျော်ရွှင်မယ့် လေပြည်ညင်း
ဖန်ဆင်းလို့ ပေးလိုက်ချင်ရဲ့။ ။



`တန်ခိုးရှင် ဖြစ်ရင်´လို့ ရေးထားတာ မဟုတ်ဘူးနော်။ `တန်ခိုးရှင် ဖြစ်ခွင့်ရမယ်ဆိုရင်´လို့ ရေးထားတာ .....

Wednesday, May 23, 2007

ဒေါင်းဖြစ်ချင်တဲ့ ဥသြငယ်

ဘလော့ခ်ကောင်းကင်မှာ ဒေါင်းပင်လယ်ဝေနေလို့ ဒေါင်းတွေကို ဂုဏ်ပြုဖို့ ဒေါင်းကဗျာလေး ရေးကြည့်တာပါ။ ရေးပြီးတော့လည်း ကိုယ့်ဟာကိုယ် သိပ်မကြိုက်လှပြန်ဖူး။ ဒါပေမယ့် ငါက ဒေါင်းဖြစ်ချင်တဲ့ ဥသြပဲလေ၊ ဒေါင်းအစစ်မှ မဟုတ်တာလို့ ကိုယ့်ဟာကိုယ် စိတ်ဖြေရတယ်။

ဒေါင်းဖြစ်ချင်တဲ့ ဥသြငယ်

ဒေါင်းအိုးဝေသံ တညံညံကြားလို့
ပင်ယံထက်ကို ထွက်ကြည့်မိတော့
ဟိုးအမြင့် ကောင်းကင်မှာ
ဒေါင်းပင်လယ်ဝေနေပါပေါ့လား။

ဒေါင်းတရားနာရင်း
ဒေါင်းစကားဆိုချင်လာမိသမို့
လွမ်းအားတွေပိုမို
လွမ်းတေးတွေပဲ ဆိုဆိုနေတဲ့
ဥသြငယ်မောင်မောင်လဲ
ဒေါင်းတောင်စိုက်ပြီး
ဒေါင်းယောင်ဆောင်လိုက်တော့မယ်။ ။

Tuesday, May 22, 2007

အိမ်မပြန်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ အမေ့သား

ကျနော့်ရဲ့ ကဗျာတွေထဲက ရှားရှားပါးပါး အချစ်အကြောင်း မဟုတ်တဲ့ အမေ့အတွက် ကဗျာလေးပါ။ ကျနော်က တကယ်ခံစားရမှ ကဗျာရေးတတ်တာဆိုတော့ ဒီကဗျာကို ရထားပေါ်မှာ စဉ်းစားတုန်းမှာလဲ တကယ် မျက်ရည်ဝဲမိပါတယ်။

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။


ခရီရေတာ
19.3.2007



ဒီမှာ ထပ်တင်တာတောင်မှ ၀မ်းနည်းချင်သလိုလို ဖြစ်လာတယ်။

Saturday, May 19, 2007

အင်တာနက်ချစ်သူ

အင်တာနက်ခေတ်မှာ အင်တာနက်အချစ်ကဗျာလေး ရေးကြည့်တာပါ။

အင်တာနက်ချစ်သူ

မင်း email ကိုမျှော်ရလွန်းလို့

ကိုယ့် Inbox လေးလည်ပင်းရှည်တယ်။

မင်းရဲ့ အသံကို ကြားချင်နေတာ

ကိုယ့် headphone လေး အသိပါကွယ်။

ကိုယ့်ရဲ့ Contact List ထဲမှာလည်း

မင်း nick တွေနဲ့ ပြည့်နေတယ်။

Bro နဲ့ Sis လို့ ပြောနေပေမယ့်

လိုတဲ့ အချစ်က မင်းဆီမှာပဲ။ ။


Friday, May 18, 2007

ရေခဲခေတ်

Ice Age ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ ကိုယ့်နှလုံးသားလဲ အေးစက်စက် ရေခဲခေတ် ရောက်နေပါလားလို့ ခံစားမိလို့ ....

ရေခဲခေတ်

မနွေးထွေးနိုင်တဲ့ မှိန်ပျပျနေရယ်

အေးခဲနေတဲ့ ပင်လယ်တွေရယ်

ပြီးတော့ ...

ဝုန်းဝုန်းပြိုကျနေတဲ့ နှင်းတောင်တွေရယ်

ဒါ ကမ္ဘာမြေရဲ့ ရေခဲခေတ်ပေါ့ကွယ်။


မနွေးထွေးနိုင်တဲ့ ရင်ခုန်သံတွေရယ်

အေးခဲနေတဲ့ ခံစားချက်တွေရယ်

ပြီးတော့ ...

တ၀ုန်းဝုန်းပြိုကျနေတဲ့ မျှော်လင့်ချက်တွေရယ်

ဒါ ကိုယ့်နှလုံးသားရဲ့ ရေခဲခေတ်ပေါ့ကွယ်။ ။

လူမိုက်

အီစွတ်ပုံပြင်ထဲက မြေခွေးက သူလှမ်းမမီတဲ့ စပျစ်သီးကို ချဉ်တယ်လို့ ဆိုတယ်မဟုတ်လား။ ကိုယ်က လှမ်းမမီတဲ့ စပျစ်သီးက ပိုချိုမယ်လို့ ထင်မိတယ်။ တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာပါတယ်လေ။ ခြင်္သေ့နဲ့ ဘယ်လိုကိုက်ကိုက်၊ ဘီလူးနဲ့ ဘယ်လိုတိုက်တိုက်၊ ချစ်မိသူလောက်တော့ လူမိုက်မမည် တဲ့။


လူမိုက်

လှမ်းမမီတဲ့ စပျစ်သီးက

ိုချိုနေတယ်။

မရနိုင်တဲ့ အချစ်ကိုမှ

ပိုလိုချင်နေတယ်။

အဲဒီလိုနဲ့ပဲ ...

အချစ်ရှုံးသူတို့ရဲ့ ရာဇ၀င်မှာ

ါဟာ လူမိုက်လို့ အမည်တွင်ခဲ့တယ်။ ။



ဒီလိုလေ

တက္ကသိုလ် ပထမနှစ်မှာ မြန်မာစာတွေ သင်ရတာ အရမ်း စိတ်ရှုပ်တာပဲ။ ဟိုအလင်္ကာမြောက်တယ်၊ ဒီဂုဏ်မြောက်တယ်နဲ့။ စိတ်ရှုပ်ရှုပ်နဲ့ ကဗျာတစ်ပုဒ်ရေး လိုက်တယ် ...

ဒီလိုလေ

အတိဿယအလင်္ကာနဲ့

မယုံချင်စရာတွေလည်း မပြောချင်ဘူး။

ပမာစကားနဲ့

မုသားတွေလည်း မပြောချင်ဘူး။

ပသာဒဂုဏ်မြောက်အောင်

ရိုးရိုးလေးပဲ ပြောချင်တယ်။

သြဇဂုဏ်မြောက်အောင်လည်း

ထပ်ခါထပ်ခါ ဆိုချင်မိတယ်။

ဒီလိုလေ ...

မင်းကို ကိုယ်ချစ်တယ်။ ။

တမ်းချင်း

ကိုယ့်အသက် ၁၇နှစ်တုန်းက ဥမမယ် စာမမြောက် လူပျိုပေါက် ကလေးအတွေးနဲ့ ကဗျာလေးတစ်ပုဒ်ရေးမိတယ်။ သိပ်တော့ မကောင်းလှပေမယ့် အမှတ်တရပေါ့ ...

တမ်းချင်း

ကိုယ် ...

ချစ်သူတစ်ယောက်

လိုချင်တယ်။

ကိုယ်ပိုင်ဆိုင်သမျှ

အရာအားလုံးကို

မျှဝေခံစားနိုင်မယ့်သူ ..

ကိုယ် လောကကြီးကို

စိတ်ပျက်တဲ့အခါ

အပြုံးလေးတစ်ခုနဲ့

နှစ်သိမ့်မှုပေးနိုင်မယ့်သူ ..

ကိုယ် ဒုက္ခတွေ၊ အခက်အခဲတွေကို

ရင်ဆိုင်ကျော်လွှားတဲ့အခါ

ကိုယ့်လက်ကိုတွဲ

ရဲရဲ ရင်ဆိုင်နိုင်မယ့်သူ ..

ကိုယ် အမှားအယွင်းတွေ

လုပ်မိတဲ့အခါ

ကြင်နာမှုနဲ့

နားလည် ခွင့်လွှတ်နိုင်မယ်သူ ..

ကိုယ့်ကြိုးစားမှုတို့ရဲ့

ဦးတည်ရာပန်းတိုင်

ကိုယ့်ဘ၀ရဲ့ အဓိပ္ပါယ်အဖြစ်

ချစ်သူတစ်ယောက်တော့

လိုချင်ပါတယ်။ ။


သူငယ်ချင်းတွေက ပြောကြတယ်။ မင်းက တော်တော် အချိုကြိုက်တယ်တဲ့။ မင်းလိုချင်တာတွေချည်းပဲ တဲ့။ .....